Monday, December 8, 2014

0

Sony Xperia T2 Ultra review

Posted in ,
HAN(Tech Rangoon)

The Good : ကောင်းမွန်တဲ့ ကင်မရာ၊ တောက်ပတဲ့ မျက်နှာပြင်နဲ့ ကြာရှည်ခံတဲ့ ဘက်ထရီ စတာတွေက T2 Ultra ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။
The Bad : Internal Storage 8GB အစား 16GB လောက်ပါရှိသင့်ပါတယ်။ အခြားအားနည်းချက်တွေတော့ သိပ်မရှိပါဘူး။

The Bottom Line : ဈေးသင့်ပြီး ဖုန်းခပ်ကြီးကြီးကိုင်လိုသူတွေအတွက် ဖုန်းကောင်းတစ်လုံးပါ။

Android ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ အဆင့်မြှင့်စမတ်ဖုန်းဈေးကွက်ကို ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်ကြသလို တန်ဖိုးသင့်ဖုန်းတွေကိုလည်း အသီးသီးထုတ်ပြီး ယှဉ်ပြိုင်လေ့ရှိပါတယ်။ မည်သည့်ဈေးနှုန်းမှာမဆို ၄င်းတို့ရဲ့ ထုတ်ကုန်တွေကို သုံးစွဲနိုင်စေဖို့ ဦးတည်ထုတ်လုပ်လာကြပါတယ်။ Sony ကုမ္ပဏီကလည်း မနှစ်က၄င်းတို့ထုတ်ခဲ့တဲ့ အောင်မြင်တဲ့ စမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Xperia T ရဲ့ မျိုးဆက်သစ် Xperia T2 Ultra ကို ယခုနှစ်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ သူ့အပြင် T3 လည်းရှိပါသေးတယ်။ သို့သော် T2 Ultra က T3 ထက် မျက်နှာပြင် ပိုကြီးပါတယ်။ Ultra ဆိုတဲ့အတိုင်း မျက်နှာပြင် ၆ လက်မရှိတဲ့ဖုန်းတွေဟာ ဈေးကွက်ထဲမှာလည်း လူကြိုက်များလှပါတယ်။ အစက ၆ လက်မအရွယ်ဖုန်းတွေဟာ လူတွေ ဝယ်ပြီး ကိုင်ပါ့မလားလို့ အတွေးဝင်ခဲ့သေးပါမယ့် တချို့ဆို ၇ လက်မအရွယ် Tablet တွေကိုတောင် ဖုန်းလုပ်ပြောနေကြသေးတာကြောင့် ၆ လက်မအရွယ်ဖုန်းဆိုတာ ပြောရရင် ဖုန်းမျက်နှာပြင် ခပ်ကြီးကြီးကြိုက်သူတွေအဖို့ ကောင်းမွန်ပြီး သင့်တော်တဲ့ မျက်နှာပြင်ဆိုဒ်ပါပဲ။ ဈေးကွက်ထဲမှာလည်း ရောက်နေပြီဖြစ်တဲ့ Xperia T2 Ultra ကို အသေးစိတ်လေ့လာကြည့်ရအောင်။


 





DESIGN AND BUILD QUALITY
------------------------------------------

Sony ဟာ Android စမတ်ဖုန်းတွေထဲမှာ ကိုယ်ထည်ဒီဇိုင်းပိုင်းမှာ အသပ်ရပ်ဆုံးနဲ့ အလှပဆုံးဖြစ်သလို ရိုးရိုးရှင်းရှင်းလည်း ရှိပါတယ်။ Sony ရဲ့ Xperia Z ကနေစခဲ့တဲ့ ဒီဇိုင်းသီအိုရီတွေကို နောက်ပိုင်းထုတ် Sony စမတ်ဖုန်းအားလုံးမှာ သုံးထားတာကိုလည်း တွေ့ရပါတယ်။ Sony ဖုန်းတွေကို ဒီဇိုင်နာနဲ့ ဒီဇိုင်းပိုင်းနှစ်သက်တဲ့သူတွေ ကိုင်ကြတာကိုလည်း တွေ့ရပါတယ်။ Xperia T2 Ultra မှာလည်း Sony ရဲ့ ဒီဇိုင်းသီအိုရီအတိုင်းပါပဲ။ ရိုးရိုးရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်ရှိလှပါတယ်။
ကိုယ်ထည်တည်ဆောက်မှုပိုင်းကို ကြည့်မယ်ဆိုရင် Xperia T2 Ultra ဟာ ပလတ်စတစ်ကိုယ်ထည်နဲ့ပဲ တည်ဆောက်ထားပါတယ်။ နောက်ကျောဘက်ကလည်း ပလတ်စတစ်ကိုယ်ထည်ဖြစ်တာကြောင့် အမည်းရောင်ဖုန်းဆိုရင် လက်ရာတွေ အလွယ်တကူထင်ပါတယ်။ အဖြူရောင်အလုံးမှာတော့ လက်ရာထင်မှုအနည်းငယ်သက်သာပါတယ်။ Phone နဲ့ Tablet ရဲ့ကြားက Phablet လို့ဆိုရမယ့်အတိုင်း မျက်နှာပြင်က ၆ လက်မရှိပြီး လက်သေးသူတွေအဖို့တော့ ကိုင်ရတာ ခက်ခဲလှပါမယ်။ ဒါကိုတော့ အားနည်းချက်လို့ ဆိုလို့မရပဲ ဒါဟာ Phablet Size အတွက်ဦးတည်ထုတ်ထားတာကြောင့် ဖုန်းဟာ ခပ်ကြီးကြီးပဲ ဖြစ်နေရပါမယ်။ Xperia T2 Ultra ဟာ လက်ထဲမှာ ကိုင်ဆောင်ရတာ အခြားဖုန်းတွေထက်စာရင် ပိုပေါ့ပြီး အထူက ၇.၇ မီလီမီတာပဲ ရှိပါတယ်။
ကိုယ်ထည်တည်ဆောက်မှုပိုင်းက ကောင်းပေမယ့် ဖုန်းဘေးမှာရှိတဲ့ ခလုတ်တချို့ကတော့ ခပ်ပေါပေါလုပ်ထားသလို ခံစားရပါတယ်။ အထူးသဖြင့် ကင်မရာခလုတ်နဲ့ အသံအတိုးအလျှော့ ခလုတ်တွေကိုနှိပ်ရမှာ ပျော့လှပြီး အလွယ်တကူနဲ့ နှိပ်မိနိုင်သလို ခလုတ်ရဲ့ build quality ပိုင်းကို အနည်းငယ်ခပ်မာမာလုပ်ရမယ်လို့ ထင်ပါတယ်။

Display
-----------

Ultra ဆိုတဲ့အတိုင်း T2 Ultra ရဲ့ မျက်နှာပြင်ဟာ ၆ လက်မရှိပါတယ်။ resolution က 720p သာရှိပေမယ့် ကြည့်ရတာတော့ အဆင်ပြေပါတယ်။ မျက်နှာပြင်ဟာ တောက်ပသလို အရောင်ထွက်မှုကလည်း စိုပြေလှပါတယ်။ သို့ပေမဲ့ နေရောင်အောက်မှာကြည့်ရင်တော့ သိပ်အဆင်ပြေလှမှာမဟုတ်ပါဘူး။ အခြားသောဖုန်းတော်တော်များများဟာလည်း နေရောင်အောက်မှာ ကောင်းကောင်းမြင်နိုင်ဖို့ခက်တာကြောင့် ဒါဟာ အားနည်းချက်ကြီးတော့ မဟုတ်ပါဘူး။ ၆ လက်မဆိုတဲ့ မျက်နှာပြင်ဆိုဒ်ဟာ တချို့သူတွေအတွက် ကြီးကောင်းကြီးနိုင်ပေမယ့် ဂိမ်းပိုင်၊ ဗီဒီယိုပိုင်း နဲ့ အင်တာနက်စာမျက်နှာကြည့်တာ နှစ်သက်သူတွေအဖို့တော့ အသင့်တော်ဆုံးဆိုဒ်လို့ ဆိုရပါမယ်။ ၄လက်မ၊ ၅လက်မဖုန်းတွေထက်စာရင် ၆ လက်မအရွယ်ဖုန်းတွေနဲ့ ဂိမ်းဆော့ရတာဟာ ပိုပြီးအဆင်ပြေလှပါတယ်။

PERFORMANCE
-----------------------

Xperia T2 Ultra မှာ Snapdragon ရဲ့ Quad-core 400 1.4 GHz processor ပါရှိလာပြီး GPU ကတော့ Adreno 305 ပါ။ RAM က 1GB ဖြစ်ပြီး Internal Storage ကတော့ 8GB ဖြစ်ပါတယ်။ OS က 4GB လောက်နေရာယူထားတာကြောင့် 4GB လောက်ပဲ ထည့်လို့ရပါမယ်။ Memory ထပ်တိုးဖို့အတွက် microSD card slot လည်း ပါရှိပါသေးတယ်။ RAM က 1GB ပဲ ဖြစ်တာကြောင့် တခါတလေသုံးစွဲရာမှာ အနည်းငယ်ထစ်တာ၊ နှောင့်နှေးတာမျိုးတော့ ရှိပါတယ်။ အရမ်းကြီးနှေးတာမဟုတ်တာကြောင့် သုံးစွဲရတာတော့ အဆင်ပြေလှပါတယ်။ မျက်နှာပြင်ဟာကြီးတာကြောင့် COC လို၊ Shadowgun လိုဂိမ်းတွေဆော့ရမှာ ကောင်းမွန်လှပါတယ်။ ဂိမ်းဆော့တာ နှစ်သက်သူတွေအဖို့တော့ Xperia T2 Ultra ဟာ သင့်တော်တဲ့ဖုန်းတစ်လုံးပါပဲ။

CAMERA
Xperia T2 Ultra မှာ 13MP ရှိ Sony Exmor RS Sensor ပါရှိလာပြီး အခြားသော Xperia ဖုန်းတွေမှာပါတဲ့ Sony ရဲ့ Camera App ပါရှိပါတယ်။ ဥပမာ Superior Auto, Background defocus, AR Effect, Timeshift burst နဲ့ အခြားသော ရိုက်ကူးရေးဆိုင်ရာစွမ်းဆောင်ရည်တွေလည်း ပါရှိပါသေးတယ်။
T2 Ultra ရဲ့ ပုံထွက်စွမ်းရည်ဟာ ကောင်းမွန်လှပြီး စမ်းသပ်ချက်တွေအရတော့ ပုံထွက်ဟာ ပြတ်သားပြီး အရောင်ကလည်း စိုပြေတာကိုတွေ့ရပါတယ်။ အလင်းရောင်နည်းတဲ့အချိန်တွေမှာလည်း ပုံကောင်းထွက်တာကို တွေ့ရပါတယ်။

BATTERY LIFE
---------------------

မျက်နှာပြင်ကြီးတဲ့ဖုန်းတွေဟာ ဘက်ထရီပိုစားပါတယ်။ ဒါကြောင့်လည်း ဒီဖုန်းမှာ 3000 mAh ရှိ ဖြုတ်တပ်လို့မရတဲ့ ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီစွမ်းဆောင်ရည်ကတော့ ကောင်းမွန်လှပြီး ပုံမှန်သုံးရင် ဘက်ထရီသက်တမ်းဟာ ၁၈ နာရီလောက်ခံပါတယ်။ သိပ်မသုံးပဲထားရင်တော့ ဘက်ထရီတခါသွင်းပြီး ၂ရက်လောက်ကို ကောင်းကောင်း ကြာရှည်ခံပါတယ်။ ဘက်ထရီသက်တမ်းကုန်ခါနီးကျရင်လည်း Sony ရဲ့ Stamina Mode ကိုပြောင်းပြီး ဘက်ထရီသက်တမ်းကို ဆွဲဆန့်နိုင်ပါသေးတယ်။ ခြုံပြောရရင်တော့ Xperia T2 Ultra ရဲ့ ဘက်ထရီသက်တမ်းဟာ ကောင်းမွန်တယ်လို့ပဲ ဆိုရပါမယ်။

SOFTWARE
-----------------

အတွင်း ဆော့ဝဲလ်ပိုင်းမှာတော့ Android 4.3 Jelly Bean ကိုအခြေခံထားတဲ့ Xperia UI ပါရှိလာပြီး KitKat အတွက် Update လည်း မကြာမီရရှိနိုင်ပါတော့မယ်။ ပုံမှန် Sony ဖုန်းတွေအတိုင်း Walkman, PlayStation Mobile, Sony Select စတဲ့ Sony-branded App တွေလည်း ပါရှိပါတယ်။
အခြားဖုန်းတွေထက်စာရင် ကြီးတာကြောင့် Sony ဟာ ၄င်းရဲ့ Software ကို လက်တစ်ဖက်တည်းနဲ့ သုံးရာမှာလိုက်ဖက်အောင် ပြင်ဆင်ထားပါတယ်။ ဥပမာ Dialer App က အလယ်ကိုရောက်သွားတာမျိုး၊ Keyboard ကို ဘယ်ညာ ကပ်ပြီး သေးအောင်ရွေ့တာမျိုး၊ Home Screen ကို ၂ချက်ပုတ်ပြီး Notification screen ကိုဆွဲချနိုင်တာမျိုး စတဲ့ feature တွေလည်း ပါရှိပါသေးတယ်။ သီချင်းနားထောင်ရင်း website ကြည့်တာမျိုး၊ email စစ်တာမျိုး၊ Calculator သုံးတာမျိုးစတဲ့ Multitasking feature တွေလည်း ပါရှိပါတယ်။

Conclusion
---------------

Sony Xperia T2 Ultra ဟာ အလယ်တန်းစားမျက်နှာပြင်ဆိုဒ်ကြီးတဲ့ ဖုန်းတစ်လုံးလို့ဆိုရမှာဖြစ်ပြီး ၄င်းမှာ ကောင်းမွန်တဲ့ ကင်မရာ၊ ဘက်ထရီနဲ့ ကိုယ်ထည်တည်ဆောက်မှုတွေ ပါရှိပါတယ်။ 4G LTE စနစ်ကိုလည်း ထောက်ပံ့သေးတာကြောင့် ဈေးသင့်တဲ့ 4G ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ Sony ရဲ့ တရားဝင်တစ်နှစ်အာမံနဲ့ဆိုရင် ၃၂၀၀၀၀ ကျပ်လောက်နဲ့ ဖုန်းဆိုင်အများစုမှာ ဝယ်ယူရရှိနိုင်ပါတယ်။

0 comments: